စစ်ကိုင်းခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၆

စစ်ကိုင်းခရိုင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က စစ်ကိုင်းခရိုင်အတွင်း ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကြီး ဖြစ်ပေါ်လာအောင် ပူးပေါင်းဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ အမှုဆောင်များရွေးချယ်တဲ့အခါမှာလည်း သက်မှတ်စည်းကမ်းများနှင့်အညီ ရွေးချယ် ဆောင်ရွက်သွားကြဖို့၊ အသင်းကြီးဖြစ်ပေါ်လာလျှင်လည်း အမှုဆောင်အဖွဲ့များက စည်းလုံးညီညွတ်စွာနဲ့ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ပြီး စားသုံးဆီများ ရရှိအောင် သက်မှတ်ဈေးနှုန်းများနဲ့ ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချနိုင်အောင် ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားကာ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က အသင်းဖွဲ့စည်းရာတွင် အလုပ်အမှုဆောင်ရွေးချယ်ရန် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆီလုပ်ငန်းရှင် ကြီးများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေး ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဆီလုပ်ငန်းရှင်ကြီးများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်