မုံရွာ အောက်တိုဘာ ၆
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်က စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ် သန်းခေါင်စာရင်း များ ကောက်ယူရေး ကောက်ကွက် (၁၀) ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ(၁၂၅) အိမ်နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ် သပြေတောကျေးရွာ၌ အဖွဲ့ (၅)ဖွဲ့ခွဲ၍ ဆဌမနေ့ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
ဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ အဖွဲ့ဝင်များက သပြေတောကျေးရွာ မင်္ဂလာမာရ်အောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး နဝကမ္မဝတ္ထုအလှူငွေ (၈၀၀၀၀)ကျပ် ကပ်လှူခဲ့ပြီး အဆိုပါ သပြေတောကျေးရွာတွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား အောက်တိုဘာ (၁)ရက်နေ့မှ အောက်တိုဘာ(၅)ရက်နေ့အထိ အိမ်ထောင်စု(၈၀၉)စု လူဦးရေ(၁၄၈၈)ဦး ကောက်ယူ နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)