ဟင်္သာတ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ဟင်္သာတမြို့ အမှတ် ၁ အခြခံပညာ အထက်တန်းကျောင်းရှိ ဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို ရှေးဦးစွာ မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကား ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက ကုသလမဂ္ဂလက်အောက်ခံ အဖွဲ့ (၅)ဖွဲ့တို့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ ကျောင်းစု ၄ မှ ဆရာမများက မြတ်ဆရာတေးသီချင်းဖြင့် သရုပ်ဖော်ကပြ ဖြေဖျော်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားဒုတိယပိုင်း အစီအစဥ်တွင် ဟင်္သာတမြို့နယ်အတွင်း ပညာရေးဌာနမှ အငြိမ်းစားယူသွားကြသော အသက်(၇၅)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများ စုစုပေါင်း၂၃၁ ဦးအား တစ်ဦးလျင် ၃သောင်းခွဲနှုန်းဖြင့် ဟင်္သာတ မြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းများနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းပညာရေးဝန်ထမ်းများမှ စုပေါင်း ဂါရဝပြု လက်ဆောင်ငွေဖြင့် လှူဒါန်းကန်တော့ကြရာ အကန်တော့ခံ ဆရာကြီးတစ်ဦးနှင့် ဆရာမကြီးတစ်ဦးတို့မှ အားလုံးကိုယ်စား သြဝါဒစကားများ ပြန်လည်ပြောကြားခဲ့ပြီး မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဒေါ်အေးအေးမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယနေ့အခမ်းအနားတွင် ကိုယ်တိုင်မတက်ရောက်နိုင်ကြသော ဆရာများထံသို့ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး အဖွဲ့ဝင်များက အဖွဲ့များအလိုက် အသီးသီး အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းယုထံမှ သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)