ဒေးဒရဲမြို့၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၅)ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးတင်အောင်က ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီး (၇၆)ဦးအား ကန်တော့ခံပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း