ဒေးဒရဲ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပြည်စုံမှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒမဲ လက်မှတ်များ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ခန်းမ၌ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေး ဆောင်ရွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဒေးဒရဲမြို့နယ်အတွက် ဆန္ဒမဲလက်မှတ် တစ်အုပ်လျှင် (၅၀)ရွက်ပါ အုပ်ရေပေါင်း (၁၀၅၇၉)အုပ်အား ဆန္ဒမဲလက်မှတ် မှန်/မမှန် မဲလက်မှတ်အုပ်ရေ ပြည့်/မပြည့် စစ်ဆေးခြင်း၊ မဲလက်မှတ် ရွက်ရေ(၅၀)ရွက် ပြည့်/မပြည့် စစ်ဆေးခြင်း၊ ဆုတ်ပြဲနေသော မဲလက်မှတ်များ ပါ/မပါစစ်ဆေးခြင်း၊ အစွန်းအထင်းရှိသော မဲလက်မှတ်များ ပါ/မပါ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာမဲရုံအလိုက် ထုတ်ပေးရမည့် ဆန္ဒမဲလက်မှတ်များအား စိစစ်ထုတ်ပိုး၍ မဲလက်မှတ် စာအုပ်များကို ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်အတွင်း ပို့ဆောင် သိမ်းဆည်းထားကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)