ပြည်တက္ကသိုလ်၌ အခြေခံပညာ Grade-9နှင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည် မေ ၁၅

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာ Grade-9နှင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌အောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ပညာရေးမှူးရုံးခွဲ(ပြည်)မှ တိုင်းပညာရေးမှူးဦးတင်ယုနှင့် ပညာရေးဌာနဆရာ/ဆရာမများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများတက်ရောက်ပြီး ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က Grade-9နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ " အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို ၂၁ရာစုကျွမ်းကျင်မှုများရရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီစေရန်ရည်ရွယ်ပြီး သင်ရိုးသစ်များကိုရေးဆွဲပြုစုထားပါကြောင်း၊ Grade-9နှင့်Grade-12 သင်ရိုးသစ်အား ကိုယ်တိုင်ရေးသားခဲ့ကြသော တက္ကသိုလ်ပါမောက္ခများရဲ့ တိုက်ရိုက်သင်ကြားပြသမှုရရှိစေရန်ရည်ရွယ်၍ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများအား နေပြည်တော်၌ ယခုနှစ် မေလ ၄ရက်မှ ၁၀ရက်နေ့အထိ ဗဟိုအဆင့်နည်းပြသင်တန်းများဖွင့်လှစ်ပေးခဲ့ပြီး ယင်းသင်တန်းမျာသို့ ပြည်တက္ကသိုလ်မှ Grade-9သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ ၁၅ဦးနှင့် Grade-12 ဗဟိုအဆင့်နည်းပြ ၂၁ဦးတက်ရောက်ခဲ့ပါကြောင်း၊ ယခုသင်တန်းသည် အဆိုပါဗဟိုအဆင့်သင်တန်းများတက်ရောက်ခဲ့သော တက္ကသိုလ်ဆရာကြီး၊ ဆရာမကြီးများက အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား တိုက်ရိုက်ပြန်လည်ပို့ချသင်ကြားပေးတဲ့ သင်တန်းများဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် အခြေခံပညာကျောင်းသား၊ကျောင်းသူများကို အရည်အသွေးပြည့်ဝပြီး ဗလငါးတန်နှင့်ပြည်စုံသော လူကောင်းလူတော် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း" ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး (အနောက်)ပညာရေးမှူးရုံးခွဲ(ပြည်)မှ တိုင်းပညာရေးမှူး ဦးတင်ယုက "ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အလယ်တန်းအဆင့် Grade-9နှင့် အထက်တန်းအဆင့် Grade-12 အတန်းတို့ကို သင်ရိုးသစ်များ အကောင်အထည်ဖော် သင်ကြားပေးသွားမှာဖြစ်၍ ယခုပညာသင် နှစ်မှာ KG+12(5+4+3) စနစ်တစ်ခုလုံးအား သင်ရိုးသစ်များ ပြောင်းလဲသင်ကြားပြီးဖြစ်မှာဖြစ်ကြောင်း၊ ယင်းသင်ရိုးသစ်ညွှန်းတမ်းနှင့် ပြဌာန်းစာအုပ်အသစ်များ ပြောင်းလဲခြင်းများနှင့်အတူ သင်ကြားသင်ယူမှုပြောင်းလဲခြင်းများအပါအဝင် သင်ထောက်ကူပစ္စည်းများ အသုံးပြုသင်ကြားတတ်စေရန်အတွက် တစ်နိုင်ငံလုံးရှိ  အခြေခံပညာဆရာ၊ဆရာမများအား ယခုလိုထိရောက်သော လုပ်ငန်းခွင်မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း" ပြောကြားသည်။

ပြည်တက္ကသိုလ်၌ အခြေခံပညာ Grade-9သင်ရိုးသစ်သင်တန်းကို ယခုလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အထိ ငါးရက်ကြာဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းသင်တန်းတွင် ပြည်တက္ကသိုလ်မှ ဆရာ၊ဆရာမ ၆၄ ဦးနှင့် အခြေခံပညာကျောင်းများမှ အလယ်တန်းပြဆရာ၊ဆရာမ ၁၉၂ဦးတက်ရောက်ကြောင်းနှင့် Grade-12သင်ရိုးသစ်သင်တန်းကို ယခုလ ၁၅ရက်မှ ၂၄ရက်နေ့ထိ ၁၀ရက်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး ယင်းသင်တန်းတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ ၁၇၆၂ဦးနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ၂၆၁ဦး၊ စုစုပေါင်း ၂၀၂၃ဦးကို ဆင့်ပွားသင်တန်းပို့ချဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်မြို့ တိုင်းပညာရေးမှူးရုံးခွဲမှ သိရသည်။

ကိုဆက်(ပြန်/ ဆက်)