ပွင့်ဖြူ ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်သူများ စားသုံးရန်မသင့်သည့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ ဈေးဆိုင်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးအတွင်း၊ အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များကို တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်အတွက် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်သည့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိပါက သင်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့နောက် ဈေးဆိုင်များအလိုက် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းခြင်း ရှိ/ မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ကျန်းမာရေး အာဟာရဖြစ်စေသော စားသောက်ကုန်ပစ္စည်းများ စနစ်တကျ ဝယ်ယူစားသုံးသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ ဈေးဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကွင်းဆင်းအသိပညာပေးခြင်း၊ တားမြစ်ထားသည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)