ရွှေတောင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

ရွှေတောင် ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ  ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်းရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်လျက်ရှိရာ စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့် ဦးဆောင်မှုဖြင့် တာဝန်ကျသူနာပြုဆရာမများ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာမေးပွဲဖြေဆိုသည့် ရက်များအတိုင်း အလှည့်ကျတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာဖြေဆိုသူ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချိုရောဂါစစ်ဆေးခြင်းနှင့် အခြားလိုအပ်သော စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများနှင့် ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)