မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မကွေး   မတ်     ၂၇

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ငလျင်ဘေး သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ်လ ၂၅ ရက် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်၌  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေဘီနှင့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လေ့ကျင့်ကြသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယနေ့အချိန်တွင် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးက ခံစားနေရသည့်နည်းတူ မိမိတို့မြန်မာနိုင်ငံတွင်လည်း သဘာဝ ဘေးအန္တရာယ်များကို ပိုမိုခံစားလာရ ပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပါက ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့်မဟုတ်ဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မည်ဆိုပါက  ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်များတွင် ငလျင်ဘေးအန္တရာယ်သည် အဖျက်စွမ်းအား လွန်စွာကြီးမားပြီး ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ အချိန်မရွေးဖြစ်ပွားနိုင်ကာ ပျက်စီးဆုံးရှုံးမှုကြီးမားကာ နောက်ဆက်တွဲဘေးများလည်း ရှိသောကြောင့် အားလုံးဂရုပြုပြီး ကြိုတင်ပြင်ဆင်ရမည့်ဖြစ်သည့် အပြင်  သဘာဝဘေး လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထုထံသို့ အသိပညာပေး ဆောင်ရွက်ခြင်းမှာ အလွန်အရေးကြီးပြီး ပြည်သူလူထုအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပါက ဆုံးရှုံးမှုများ လျော့နည်းမည်ဖြစ်ပါကြောင်း၊ ယခုလို လက်တွေ့ ပူးပေါင်းလေ့ကျင့်ခြင်းဖြင့် ဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရပါက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိပြီး ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်မည့် ကျောင်းသား/ကျောင်းသူများ သည်လည်း ကျန်းမာရေးဝန်ထမ်းများအဖြစ် နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကာ မိမိတို့ တာဝန်ကျရာ ဒေသများရှိ ပြည်သူလူထုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများအား  ဆက်လက်ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ငလျင်ဘေးသဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုအဖြစ် ငလျင် လှုပ်ခတ် ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများမှ ဝပ်၊ ကာ၊ ကိုင် ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှုငြိမ်သက်ပါက အဆောင်အဦးနှင့် လွတ်ကင်းရာ ကွင်းပြင် နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသခဲ့ပြီး  ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုခြင်း သရုပ်ပြသခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှု သရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့် သရုပ်ပြသမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ