မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)၌ ကျင်းပပြုလုပ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မကွေး  မတ်   ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တို့ ပူးပေါင်းဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်က ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်၍ အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံချက်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော် မတီ(၈)ရပ်ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း၊ လုပ်ငန်းကော်မတီ(၈)ရပ်အနက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် လူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်းပညာသင်တန်းပေးခြင်း တာဝန်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တို့ ပူးပေါင်းပြီး အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းကို ဒုတိယအကြိမ် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ကလေး အလုပ်သမား ပမာဏသည် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း၊ ကလေးအလုပ်သမားပပျောကရေးကိစ္စရပ်သည် နိုင်ငံတိုင်း၏ အလေးထားဖြေရှင်းရမည့် ကိစ္စတစ်ရပ်ဖြစ်လာသည်ကို တွေ့ရှိရပါ ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကလေးအလုပ် သမားပပျောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကလေးအလုပ်သမားများအား နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)မှာ လူငယ်လူရွယ်များအား နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ကြားပေးသည့် ကာလတို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ဒေသတွင်းလူ့စွမ်းအား အရင်းအမြစ်များကို သင်ယူနိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်ကြောင်း၊ ပေါ်ပေါက်လာသည့် အလုပ်အကိုင် အခွင့်အလမ်းများအလိုက် လူငယ်လူရွယ်များအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ကြောင်း၊ အနာဂတ် လုပ်သားဈေးကွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခြင်းနှင့် လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာပြီး တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာစေပြီး ကလေးအလုပ်သမားများလည်း လျော့နည်းလာစေမှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ် သင်ကြားပေးခဲ့သည့် ကာလတိုသက်မွေးပညာ သင်တန်းများ၏ ကျေးဇူးကြောင့် အချိန်တိုအတွင်း တတ်မြောက်ကျွမ်းကျင်ခြင်းနှင့်  အလုပ်အကိုင် အခွင့်အလမ်းများ လျင်မြန်စွာ ရရှိစေ မှာဖြစ်ပါကြောင်း၊  ယနေ့ခေတ်မှာ ကြုံတွေ့နေရသည့် ပြည်တွင်း ကျွမ်းကျင်လုပ်သားရှားပါးမှု ဆိုသည့် စိန်ခေါ်မှုကြီးကို ပြောင်းလဲပေးနိုင်ခြင်းကြောင့် ကာလတိုသင်တန်းများသည် အလွန်အရေးကြီး အဖိုးတန်ပါကြောင်း၊ ဒီသင်တန်းတက်ရောက်ပြီးသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ပိုမိုကောင်းမွန်သော လူနေမှုစနစ်၊ လူမှုဘဝအရည်အသွေး မြင့်မားမှု၊ တိုးမြှင့်ရရှိနိုင်သော လုပ်ခလစာ များဖြင့် မိမိတို့ ဘဝကိုပုံဖော်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့ဒေသအတွက် လိုအပ်သည့် ကာလတိုသင်တန်း များ ဖွင့်လှစ် ပို့ချနိုင်ရေး ညှိနှိုင်းလာပါက အတတ်နိုင်ဆုံး ပေါင်းစပ် ညှိနှိုင်း ဖွင့်လှစ်ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ ကာလတိုသက်မွေးပညာသင်တန်းများမှ လူငယ်များ အနေဖြင့် အလွန်တန်ဖိုးရှိသည့် အခွင့်အရေးများ ရရှိနိုင်ကြောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှာ နည်းပညာနှင့် သက်မွေးပညရပ်များ သင်ကြားပေးသည့် ကာလတိုသက်မွေးပညာသင်တန်းများကို ၂၀၁၆ခုနှစ်မှာ စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းများအနေဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံကွန်ပျုတာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ Single Cylindef Engine ပြုပြင်ခြင်းသင်တန်း၊ICTသင်တန်း၊ မြေတိုင်းသင်တန်းတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားဦးရေ (၆၆၂)ဦး အထိ မွေးထုတ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် အခြေခံစာတွေ့၊ လက်တွေ့ သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် အသုံးချ၍ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးစား ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးခင်မောင်ညွန့်က ကာလတိုသင်တန်း ဖွင့်လှစ်သင်ကြားပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းနည်းပြဆရာ၊ ဆရာမများအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဦးခင်မောင်ညွန့်တို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ကာ၊ သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်း သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် ဂဟေဆက် လက်တွေ့ ဆောင်ရွက်ထားရှိမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်၍ အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ