မကွေး မတ် ၂၇
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လုပ်ငန်းဆပ်ကော်မတီ(၈)ရပ် ဖွဲ့စည်းထားပြီး လုပ်ငန်းဆပ်ကော်မတီများကလည်း ကော်မတီအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အသက်(၁၄)နှစ်မပြည့်သေးသောမည်သည့် ကလေးကိုမျှ အလုပ်လုပ်ကိုင်ခွင့်မပြုရန် ဥပဒေအတိအလင်းပြဌာန်းထားပြီး ကလေးအလုပ်သမား ပပျောက်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးနှင့်သက်ဆိုင်ပြီး အသက်မွေးနှင့် ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး မိသားစုဝင်ငွေများ တိုးပွားစေကာ ကလေးအလုပ်သမားဦးရေ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ လူသုံးကုန် ပစ္စည်းများထုတ်လုပ်ရေးသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း ကောင်းမွန်သည့် အလုပ်အကိုင်များကို ရရှိလာမည်ဖြစ်၍ သင်တန်းတွင်ပို့ချသည့် သင်ခန်းစာများအား ကြိုးကြိုးစားစား သင်ယူစေကြလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတွင် ဖွင့်လှစ်ပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးသည် အဆိုပါသင်တန်း၌ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လက်တွေအသုံးပြုဆောင်ရွက်မည့် ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်အားပေးကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုသင်တန်းကို သင်တန်းသား(၂၂)ဦးဖြင့် (၂၆.၃.၂၀၂၃) ရက်နေ့မှ (၃၀.၃.၂၀၂၃) ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ (ပြန်/ ဆက်)