ကသာ မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ပူးပေါင်း၍ ပန်းချီ၊ ပိုစတာ၊ ကာတွန်းရေးဆွဲနည်း သင်တန်းအပတ်စဉ် အရာဝတ္ထုမူပုံရေးဆွဲခြင်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသည် နွေရာသီအခြေခံပန်းချီသင်တန်းသို့ တက်ရောက်နေကြသည့် ကျောင်းသား/ ကျောင်းသူလူငယ်များ၏ သင်ကြားလေ့လာမှတ်သားမှုစနစ်ကို ဆန်းစစ်သည့်ပြိုင်ပွဲဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများ၏ ပန်းချီပညာ၊ ရှုထောင့်နှင့်လေ့လာမှတ်သားမှုတို့ကို အကဲဖြတ်ရန်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းတို့ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စောကလျာက ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းဆရာ/ ဆရာမများက အရာဝတ္ထုပုံရေးဆွဲရန်အတွက် ယှဉ်ပြိုင်ရမည့် အရာ ဝတ္ထုမူပုံများကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များအတွက် စားပွဲပေါ်တွင် ပြသပေးပြီး ရေးဆွဲစေခဲ့သည်။ သင်တန်းဒုတိယအပတ်တွင် စိတ်ကူးဖြင့် ပုံဖော်ရေးခြင်းကို ဆက်လက်၍ ယှဉ်ပြိုင်ရေးဆွဲစေမည်ဖြစ်ကြောင်း ပန်းချီဆရာကြီး ကျော်ဆွေက ပြောကြားခဲ့ကြောင်း သိရသည်။
ယခုသင်တန်း ပထမပတ်၌ အရာဝတ္ထုမူပုံ ရေးဆွဲခြင်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၉၆)ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)