ရေစကြိုမြို့နယ်၊ စည်သာကျေးရွာတွင် ဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

ရေစကြို    မတ်   ၂၆

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာတွင် ဝါသီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသည့်ဒေသများတွင်အများအပြားစိုက်ပျိုးကြပါကြောင်း၊ ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် အများအပြားစိုက်ပျိုးလေ့ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိမြို့နယ်များတွင် မိုးနှောင်းရာသီဖြစ်သော ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်စိုက်ပျိုးကြကြောင်း ဒီဇင်ဘာလပိုင်းတွင်မူ စတင်ခူးဆွတ်ကြကြောင်း သိရသည်။

စိုက်ပျိုးကြသည့် ဝါအမျိုးအစားများမှာ ငွေတောင် ၁၀၊ ငွေချည် ၉-၁၀၊ ရာကာ ၆၆၆ သက်ကြီးမျိုးများဖြစ်သော ကမ္ဘောဇမျိုးများ စိုက်ပျိုးကြပြီး ရာကာ ၆၆၆ မျိုးမှာ ဒေသမြေအနေအထားနှင့်ကိုက်ညီသောကြောင့် အများဆုံးစိုက်ပျိုးကြသည်။ ရေစကြိုမြို့နယ်တွင် ဒေသစီးပွားဖြစ်အနေဖြင့် နှစ်စဉ်စိုက်ပျိုးကြပြီး ယခင်နှစ်တွင် စိုက်ဧက ၇၀ ခန့်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ဧက ၁၂၀ အထိ တိုးချဲ့စိုက်ပျိုးကြကြောင်း သိရသည်။

တစ်ဧကလျှင် ဝါစေ့မျိုး သုံးပိဿာပတ်ကြဲရပြီး အတန်းလိုက်ရေသွင်းစနစ်ဖြင့်စိုက်ပျိုးကြောင်း၊ ယခင်နှစ်က တစ်ဧက ကုန်ကျစရိတ်အနေဖြင့် သုံးသိန်းခန့်ရှိပြီး ပိဿာ ၄၀၀ ခန့်ထွက်ရှိပါကြောင်း၊ ဈေးနှုန်းအနေဖြင့် ဝါတစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀/-မှ ၁၃၀၀/- ရောင်းချရပြီး  တစ်ဧကစိုက်ပျိုးထွက်ရှိမှုအပေါ်အကျိုးအမြတ်အနေဖြင့် ကျပ်နှစ်သိန်းခန့် ရရှိပါကြောင်း၊ ယခုနှစ်၌ ဝါစိုက်တောင်သူများအနေဖြင့် ရိတ်သိမ်းခူးဆွတ်ပြီးချိန်တွင် ဈေးကောင်းရရှိရေး စနစ်တကျနေလှန်းပြီးလျှင် ပြန်လည်သန့်စင်ပြီး သိုလှောင်ထားကြောင်း၊ စိုက်ပျိုးစရိတ်မြင့်မားမှုကြောင့် တစ်ဧက ကုန်ကျစရိတ် ၅ သိန်းခန့်ရှိကြောင်း တစ်ဧကလျှင် ၅၀၀ ပိဿာခန့်အထွက်ကောင်းပြီး ဝါတစ်ပိဿာလျှင် ၂၃၀၀/- မှ ၂၄၀၀/-အထိ ရောင်းချရသဖြင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်း ကောင်းသဖြင့်အကျိုးအမြတ်အနေဖြင့် ၅ သိန်းခန့်ရရှိပါကြောင်း၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာမှထွက်ရှိသောဝါများကို မြို့ပေါ်ရှိ ဝါပွဲစားများအား တိုက်ရိုက်ရောင်းချသည့်အပြင် စစ်ကိုင်းနှင့်မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)