စလင်း မတ်လ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင် ကျေးရွာတွင် မတ်လ ၂၃ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ် အချိန်က မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၃၃)အိမ်ထောင်စုတို့အား မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်း (၁၇)မျိုးကို ကျေးရွာအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်သွားရောက်၍ မတ်လ ၂၄ရက် နံနက် ၁၁နာရီ အချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ပိန္နဲပင်ကျေးရွာ မီးဘေးအန္တရာယ်ကျရောက် သည့် မိသားစုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေလင်းနိုင်မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် အတွင်းရေးမှူး ရဲမှူးအောင်သူနှင့် ရဲတပ်ဖွဲ့ဝင်များလိုက်ပါ၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝင့်သီတာမောင်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေလင်းနိုင်က ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေးများဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပျက်စီးဆုံးရှုံးသွားသည့် မိသားစုဝင် များအား နှစ်စဉ်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယခုပိန္နဲပင်ကျေးရွာအတွင်း မီးလောင်ပျက်စီး ဆုံးရှုံးသွားသည့် မိသားစုဝင်များကို ယခုလိုမိသားစုသုံးပစ္စည်း ၁၇မျိုးဖြစ်သည့် ကျားလုံချည်၊ မလုံချည် ၊ တဘက်စောင်၊ ဆပ်ပြာ၊ စတီးလ်ဇလုံ၊ စတီးလ်သောက်ရေခွက်၊ စတီးလ်ပန်းကန်ပြား၊ စတီးလ်ဇွန်း၊ ပလတ်စတစ်ရေချိုးခွက်၊ ကာပေါ်လစ်ဆပ်ပြာ၊ ခြင်ထောင်၊ အိမ်သုံးဓား၊ တီရှပ်၊ ကလေးကျောင်းဝတ်စုံတစ်စုံစီ၊ လေးထောင့်ပလတ်စတစ်ပုံး တစ်ပုံး၊ စောင်၊ ဒန်အိုးများကို မီးလောင်ပျက်စီးသွားသည့် မိသားစုဝင်အိမ်ထောင်စုများအား ပိန္နဲပင်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)