ကြို့ပင်ကောက် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာပြည်သူ့အားကစားကွင်းတွင် စုပေါင်းလေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်း/ ခရိုင် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့် ကျန်းမာရေး ပညာရေး စိတ်ဓါတ်ရေးရာများတွင် ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရေး၊ အခြားမလိုလားအပ်သော လမ်းကြောင်းများ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်ပြီး စုပေါင်းလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်ကပြောသည်။
ကြို့ပင်ကောက်မြို့ ဒေသခံလူငယ်များအတွင်းမှ ယနေ့အချိန်အထိ အားကစားနှင့်အတူ စိတ်ဓါတ် ရေးရာထူးချွန်သော တိုင်းလက်ရွေးစင်ဘောလုံးအားကစားသမား ကျား(၂)ဦး၊ မ(၁)ဦး၊ ဗန်တိုအားကစား သမားလူငယ်(၃)ဦးနှင့် အနောက်တိုင်းလက်ဝှေ့အမျိုးသမီး(၁)ဦး တရုတ်နိုင်ငံသို့သွားရောက်ပူးပေါင်းလ့ကျင့်နေသော ဝူရှူးအားကစားသမား (၂)ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်/ ဆက်)