ကြံခင်းမြို့နယ် "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီး" ရွှေထီးတော်တင်၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

ကြံခင်း မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်နယ်လုံးဆိုင်ရာ "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော် မြတ်ကြီး" တွင်  မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊  တန်ခူးလဆန်း (၃)ရက် နေ့ ယမန်နေ့ နံနက်ပိုင်းက  ရွှေထီးတော်တင်၊ ရွှေသင်္ကန်းကပ်လှူခြင်း ဗုဒ္ဓါဘိသေက အနေက ဇာတင်ရေစက်ချ မင်္ဂလာအခမ်းအနားကို  ကြံခင်းမြို့နယ် သာသနာ့ ဗိမာန်တော်ကြီးအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန် ရှိသူများ၊  အလှူရှင်များက "နမောတဿ"သုံးကြိမ် ရွတ်ဆိုကာအခမ်း အနားဖွင့်လှစ်ကြပြီး  အဂ္ဂမဟာသဒ္ဓမ္ မဇောတိက ဓဇ  မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေညောင်ပင် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝါယမ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။  ယင်းနောက်ဆရာတော်သံဃာတော်များက ပရိတ်တရားတော်ရွတ်ဖတ်ချီးမြှင့် ပူဇော်ပြီးနောက်  "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီး" အား ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်လှူဒါန်းကြသော အလှူ့ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူ အသီးသီးက ချီးမြှင့်ပေးအပ် ကြသည်။

ထို့နောက်   ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်း ကြပြီးနောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေညောင်ပင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ ဆရာတော်ကြီး ထံမှ တရားတော်နာယူကြပြီး  လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ "ဗုဒ္ဓသာသနံ စိရတိဋ္ဌတု"(၃)ကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်ကြေားင်း  သိရသည်။

အဆိုပါ ကြံခင်းမြို့နယ်လုံးဆိုင်ရာ "အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီး"  ဘုရား တန်ဆောင်းအတွင်း ယမန်နေ့ ညနေပိုင်းတွင် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရာ  မြို့နယ် အတွင်းရှိ သံဃာတော် အရှင်သူမြတ် အပါး(၁၇၁)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော် များနှင့် လှူဖွယ်ဝထ္ထုအစုစုတို့ကို လောင်းလှူပူဇော်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)