ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်ရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ်အတွင်းရှိ သိုး ၊ နွား၊ ဝက် တိရစ္ဆာန် မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက် ပိုးမွှားရောဂါ ကင်းဝေးစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဒေါက်တာဝေလွင်ဦး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့ ရပ်ကွက်/ကျေးရွာရှိ အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက်ရှိ ဝက်မွေးမြူရေးခြံ ၊ ကုလားကုန်းကျေးရွာရှိ သိုးမွေးမြူရေးခြံနှင့် စံပြကျေးရွာနှင့် ကံသာကြီးကျေးရွာရှိ နွားမွေးမြူရေးခြံများသို့ သွားရောက်ကာ လုပ်ငန်းရှင် ဒေသခံပြည်သူများကို တွေ့ဆုံပြီး သိုး ၊ ဝက် ၊ နွား စသည့် တိရစ္ဆာန်များ မွေးမြူရာ၌ ဖြစ်ထွန်းအောင်မြင်စေရေး သိရှိလိုက်နာရမည့် အခြေခံမွေးမြူရေး နည်းစနစ်များ၊ တိရစ္ဆာန်များတွင် ရာသီအလိုက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မွေးမြူရေးခြံများ၌ ဇီဝလုံခြုံမှုစနစ်များ ကောင်းမွန်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာဝေလွင်ဦး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မွေးမြူရေး ခြံများအလိုက် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဇီဝလုံခြုံမှုစနစ် ကောင်းမွန်စေရန် ပိုးသတ်ကာကွယ်ဆေးများ စနစ်တကျ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ မွေးမြူရေးဝင်ငွေ တိုးပွားစေရေး စနစ်တကျ မွေးမြူလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အခြေခံမွေးမြူရေး နည်းပညာပေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝစေရန် ဖြည့်စွက်တိရစ္ဆာန်အစာများ ထောက်ပံ့ပေးခြင်းနှင့် နေဗီယာမြက် စိုက်ပျိုးနည်းစနစ်များ လက်တွေ့ပညာပေး သရုပ်ပြစိုက်ပျိုးဆောင်ရွက်ပေးခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝေလွင်ဦးထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )