ပခုက္ကူ မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်းပွဲ ကျင်းပ သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က “ကျေးလက်နေပြည် သူများ၏အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် ကျေးလက်နှင့်မြို့ပြ လူနေမှုအဆင့်အတန်း ကွာဟမှုကျဉ်းမြောင်းစေရန်၊ ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများပိုမိုမွေးထုတ်ပေးနိုင်ခြင်းဖြင့် ပြည်ပရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှုများလျော့ချနိုင်စေရန်တို့အတွက်ရည်ရွယ်ပြီး နယ်စပ်ဒေသများတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသူအမျိုးသမီးများအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(၅၀)ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ ပခုက္ကူမြို့အနေဖြင့် အခြေခံနှင့်အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းများ၊ အိမ်တွင်းမှုလုပ်ငန်း ကြိမ်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့ကို အမှတ်စဉ်အလိုက်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့အထိသင်တန်းသူပေါင်း (၃၂၉၀) ဦးအထိ သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ကျောင်းတော်ကြီးမှသင်ကြားပို့ချပေးသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာမှတ်သားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်နိုင်ရေး ကြိုစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းဆိုင်ရာသမိုင်းကျဉ်း၊ သင်တန်းဖွင့်လှစ်ပြီးစီးသည့် အမျိုးအစား၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့်သင်တန်းများအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းပြောကြားပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) ထူးချွန်ဆုနှင့် သင်တန်းဆင်းအောင် လက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက “ဖန်ခါမြေ” ကလေးအလုပ် သမားပပျောက်ရေးလက်ကမ်းစာစောင်များဖြန့်ဝေကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းသူများကိုယ် တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည် ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအခြေအနေတို့ကို လိုက်လံ ကြည့်ရှုအားပေး ကြသည်။
အဆိုပါသင်တန်းတွင် မကွေးတိုင်းဒေသကြီးအတွင်းက ကျေးလက်နေအမျိုးသမီးသင်တန်းသူ(၃၅)ဦး တက် ရောက်ကြပြီး “သားရေးကြိုးတပ်အားကစားဘောင်ဘီ၊ တူညီဝတ်စုံအမျိုးမျိုး၊ ဘလောက်စ်အင်္ကျီအမျိုးမျိုး၊ ဟာဝေယံအင်္ကျီ၊ စတစ်လက်တိုအင်္ကျီ၊ စတိုင်ဘောင်းဘီ၊ ယူနီဖောင်းရှပ်အင်္ကျီနှင့်ဘောင်ဘီ၊ ကုတ်အင်္ကျီ၊ ပွဲတက်အိတ်၊ ကဒ်ထိုးအိတ်၊ တစ်ချောင်းထိုးမာဖလာ၊ တစ်ချောင်းထိုးဗန်းခင်း၊ တစ်ချောင်းထိုးနှင်းကာ နှင့်သုံးမြှောင့်ပုဝါ” စသော အဝတ်အထည်နှင့်လူသုံးကုန် အမျိုးမျိုးတို့ကို အကိုင်အတွယ်မှစတင်ပြီး ကိုယ်တိုင်ချုပ်တတ်သည်အထိ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၂၅ရက်မှ၂၀၂၃ခုနှစ်၊ မတ်လ၂၄ရက်နေ့အထိ သင်တန်းကာလ (၅)လကြာ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)