ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ညောင်တုန်း ‌မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တဇင်ရေကျော် ကျေးရွာ အုပ်စု၊ စိတ္တသုခဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ‌ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်‌သော ပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားဆွေးနွေး၍ ညှိနှိုင်းပေါင်းစပ်‌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)