ရေဦးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုပြုလုပ် လျှပ်စစ်နှင့်မီးသွေး အသုံးပြုဈေးဆိုင်များ ကွင်းဆင်းစစ်ဆေးအကြံပေး

ရေဦး မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရေဦးမြို့မဈေး အကျိုးတော်ဆောင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်​နေ့မွန်းတည့် ၁၂ နာရီက အများပြည်သူ ရောင်း၀ယ်ပြုလုပ်လျက်ရှိသော မြို့မစည်ပင်သာယာဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

မြို့မစည်ပင်ဈေးကြီး မီးဘေးကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာသို့ ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဈေးအကျိုးတော်ဆောင်များ၊ ဈေးသူဈေးသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ်ဦးဆောင်သော သန္ဓေတပ်ဖွဲ့၀င်များက အရေးပေါ် မီးငြှိမ်းသတ်နည်းဖြစ်သည့် ရေစိုအစိုအ၀တ်ဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်နည်းများကို ပြသပေးခဲ့ပြီး ဈေးသူဈေးသား ဈေးအကျိုးတော်ဆောင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့၀င်များက မီးငြှိမ်းသတ်ယာဉ်ဖြင့် အနီးအဝေး မီးငြှိမ်းသတ်နည်းများကို ပြသပေးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဈေးတွင်းသွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်း ပေးလွှတ်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိမရှိ၊ တပ်ဆင်ထားသော BREAKER များနှင့်မိန်းခလုတ်များ ကောင်းမွန်မှုရှိမရှိ၊ အရေးပေါ် အသုံးပြုနိုင်မှုရှိမရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့က လျှပ်စစ်နှင့် မီးသွေးအသုံးပြုဈေးဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မှုရှိမရှိ  စစ်ဆေးအကြံပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

သန်းသန်း

ရေဦး (ပြန်/ဆက်)