ကန့်ဘလူ မတ် ၂၄
ယခုနှစ် မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သုတရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပကြောင်း သိရသည်။
ထိုသို့ပြသရာတွင် မြန်မာနိုင်ငံသမိုင်းကြောင်း စာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးနည်းပညာစာအုပ်များ၊ အတ္ထုပ္ပတ္တိစာအုပ် များ၊ အနုပညာရပ်စာအုပ်များ၊ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ ဘာသာပြန်ဝတ္ထုများ၊ တပ်မတော် နေ့နှင့် သက်ဆိုင်သည့် စာအုပ်များ၊ အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆိုးကျိုး အန္တရာယ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး ဆောင်ရွက်ချက်များနှင့် ရှားပါးဓာတ်ပုံများ စသည်တို့ကို ခင်းကျင်းပြသထားရာ ကျောင်းသားလူငယ်လူရွယ်များက စိတ် ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေး၊ စာအုပ်စာစောင်များအား လေ့လာဖတ်ရှုလာစေရန်နှင့် စာကြည့်တိုက်အား အကျိုးရှိစွာအသုံးချ တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)