ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေး

ဒေးဒရဲ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာပေမှ ရရှိသော ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ မလာရောက်နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ် ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင် စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၇)ဦးအား သုတ(၇)အုပ်၊ ရသ(၇)အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး၊ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အစားထိုး ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး နှင့် လွယ်လင့်တကူစာပေလေ့လာဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ်သွား ရောက်၍ သုတ၊ ရသများအုပ်များအား ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း