သာယာဝတီ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ထန်းပင်ကုန်းကျေးရွာနှင့် ညောင်နီကုန်းကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများပြုလုပ်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် သာယာ၀တီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ Mobile သုံးဘီးယာဉ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း/စာစောင်စသည့်စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်းရှိကျောင်းသား၊ ကျောင်းသူများကနွေရာသီကျောင်းပိတ်ရက်တွင် စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့်ဖတ်ရှုခဲ့ကြသည်။
ယခုကဲ့သို့ စာအုပ်များငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်း၊ ပုံပြင်များပြောပြစေခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများသိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်ရည်ရွယ်ပြီး ယခုလို ကျေးရွာအရောက် ကွင်းဆင်းခြင်းဖြစ်ကြောင်းသိရသည်။
သာယာ၀တီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ Mobile သုံးဘီးယာဉ်ဖြင့် ရပ်ကွက်များ/ကျေးရွာများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို လစဉ်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)