လက်ပံတန်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သာယာဝတီခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးက ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးအထွက်တိုးစခန်း(ချမ်းသာကုန်း)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းဆင်းအမှာ စကားပြောကြားရာတွင် ဒေသတွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းများကို ဈေးကွက်တွင် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းသူသင်တန်းသားများမှလည်း မိမိတို့တတ်မြောက်ထားသည့်ပညာကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က သင်တန်းတွင် ထုတ်လုပ်ခဲ့သည့် ကုန်ချောထုတ်ကုန်ပစ္စည်းများကို သင်တန်းသားများသို့ပေးအပ်ခဲ့ပြီး သာယာဝတီခရိုင် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်က သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို လက်ပံတန်းမြို့နယ်အတွင်းမှ သင်တန်းသား(၃)ဦး၊ သင်တန်းသူ(၁၂)ဦး စုစုပေါင်း(၁၅)ဦးတက်ရောက်ခဲ့ကြပြီး၊ မတ် ၂၀ ရက်မှ ၂၄ ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့ လက်တွေ့ဖြင့် အခမဲ့ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ကုန်ချောအဖြစ်မျက်နှာသစ်ဆပ်ပြာ၊ သီးနှံဆေး ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ရှားစောင်းဆပ်ပြာ၊ ကော်ဖီနနွင်းပျားရည်ဆပ်ပြာ၊ ရေချိုး ဆပ်ပြာ၊ သဘာဝခေါင်းလျှော်ရည်၊ Shampoo၊ Hand Wash ၊ Hand Gel ၊ Hand Spray စသည့် ကုန်ချောပစ္စည်း ထုတ်ကုန်အမျိုးအစားပေါင်း (၁၀)မျိုးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စုဝေလွင်