ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကွမ်းစားခြင်း၊ ဆေးလိပ်သောခြင်း အလေ့အထလျော့ချနိုင်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဦးစွာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးအောင်မိုးဟိန်းက ကွမ်းယာ၊ ဆေးလိပ်သုံးစွဲခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် ရောဂါလက္ခဏာများနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးဖြစ်စေမှုများ၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း အလေ့အထလျော့ချနိုင်ရေး ဆင်ခြင်သတိပြုရမည့်အချက်များကို ဆွေးနွေးဟောပြောပြီး ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသူများကို ကွမ်းယာ၊ ဆေးလိပ်သုံးစွဲမှု လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ကွမ်းယာ၊ ဆေးလိပ်အရောင်းအဝယ်လုပ်ငန်းများ တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူလူထု ကျန်းမာသက်ရှည်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့တွင်း လူစည်ကားရာနေရာများသို့ သွားရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ပညာပေးဆွေးနွေးဟောပြောခြင်း၊ ကွမ်းစားသုံးခြင်းနှင့်ဆေးလိပ်သောက်ခြင်း အလေ့အထ လျော့ချနိုင်ရေး ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းတွင် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း လျှော့ချရေးဆိုင်ရာ ပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)