ကျွန်းလှမြို့နယ်၌ ပန်းမုံလာစိုက်တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေ

ကျွန်းလှ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမုံလာစိုက်ပျိုးသည့် တောင်သူများ ဈေးကောင်းရရှိနေ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်းတော် နှစ်စဉ် ချောင်းရေတင်ပြီး ပန်းမုံလာစိုက်ပျိုးပါတယ်။ ဒီနှစ် ကျင်း ၃၇၀၀ စိုက်ပျိုးရာ မျိုးဖိုး၊ မြေဩဇာဖိုး၊ ထွန်ယက်ခ၊ ဆေးဖိုးနဲ့ လုပ်အားခအပါဝင် ငွေကျပ် လေးသိန်းခန့် ကုန်ကျပါတယ်။ အရင်နှစ်က ပန်းမုံလာတစ်ပွင့် ငွေကျပ် ၅၀၀ ရောင်းရသော်လည်း ဒီနှစ်ဈေးမကျဘဲ တစ်ပွင့် ငွေကျပ် ၉၀၀ ရောင်းနေရပါတယ်” ဟု ရှမ်းစုကျေးရွာ ပန်းမုံလာစိုက်တောင်သူ ဦးဝင်းက ပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ပန်းမုံလာ၊ မုံလာထုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်၊ ဖူးစားပြောင်း၊ ရုံးပတီ၊ ကန့်လန့်၊ ခရမ်းချဉ်၊ ခရမ်း စသည့် ဟင်းသီး ဟင်းရွက် သီးနှံစုံစိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)