ကျောင်းကုန်း မတ် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးလက်ရေပေးရေး၊ ကုန်ထုတ်လမ်းလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများအား လုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျေးလက်ရုံး၌ ယနေ့နံနက် ၁၀ နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းမှ နိုင်ငံတော်မှ ထောက်ပံ့ပေးတာဖြစ်တဲ့အတွက် ဦးစားပေးအနေဖြင့် အလှည့်ကျပေးအပ်နေခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ရရှိသည့် ကျေးရွာများအနေဖြင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်း ထိန်းသိမ်းကြဖို့လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်မှ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျေးလက်ရေပေးရေး၊ ကုန်ထုတ်လမ်းလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများအား တာဝန်ရှိသူများက လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ကြသည်။
VDP ကျေးရွာများဖြစ်သည့် ကိုင်းချောင်၊ နောင်ခူဘို၊ ကြိုးကြာချောင်ကြီး၊ ပေါက်ငူ၊ ကျောင်းအိုင်၊ ဂုံညင်းတန်း၊ ကျုံတာရိုး၊ ဇီးအိုင်၊ ကျွန်းချောင်း၊ ကွမ်းခြံကုန်း၊ ဆိပ်သာ(မြန်မာစု)၊ ထန်းကုန်း၊ တန်းလျား၊ ငှက်ရိုး၊ အဝစု၊ ကွမ်းခြံကုန်း၊ ပျဥ်ချရိုး၊ ဂွေးကုန်း၊ ဘုရားငူနှင့် ပန်းပင်ချောင်တို့ဖြစ်ပြီး၊ ရေလုပ်ငန်း တွင်းနက်စီမံကိန်းအနေဖြင့် ထီမံ၊ ပေါက်ကုန်းနှင့် အရှေ့ချောင်းတို့ဖြစ်သည်။ အိမ်သွယ်ရေတိုင်အနေဖြင့် ဝေါမိနှင့် ကန်ဒေါင့်တို့ဖြစ်ပြီး၊ ရေပေးရေး(မွမ်းမံ)အနေဖြင့် ကြာဂရက်နှင့် ကိုင်းတောမတို့ဖြစ်သည်။ ကုန်ထုတ်လမ်း အနေဖြင့် ဆူးပဒေါင်းကွင်း ဖြစ်ပြီး၊ ဆိုလာအနေဖြင့် အရှေ့စုတို့ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)