စစ်ကိုင်းတက္ကသိုလ်တွင် တန်ဖိုးမြှင့်စားသောက်ကုန်(သီးနှံအခြေခံ) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

စစ်ကိုင်း မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စစ်ကိုင်းတက္ကသိုလ်၊ ဓာတုဗေဒဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန်၊ သီးနှံအခြေခံ(ယို၊ ဖျော်ရည်အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာ ဖြစ်တဲ့အတွက် ဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ယခုလို သင်တန်းများကို အကြိမ်(၅၀) ကျော်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းက ပို့ချပေးမဲ့ ပညာရပ်တွေကို မိမိတို့ရဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းများအဖြစ် ဆောင်ရွက် လုပ်ကိုင်သွားကြပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြပါလို့ စသည်ဖြင့် ဆွေးနွေးပြေကြားကာ စစ်ကိုင်းတက္ကသိုလ်  ဓာတုဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး)မှ တက္ကသိုလ်အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး/ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သင်တန်းသူများ တက်‌ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့/လက်တွေ့(၇)ရက်ကြာ သင်ကြားပြသပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်