ခန္တီး မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ သာစည်ရပ်၊ သာသနဓမ္မသုခ ကျောင်းတိုက်အတွင်းရှိ အေးငြိမ်းရန်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဒုတိယကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး သံဃာ့တော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခြင်း မင်္ဂလာအခမ်းအနားကို သာသနဓမ္မသုခကျောင်းတိုက်အတွင်း၌ပြုလုပ်ရာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ (၉) ပါး သီလအစရှိသောတရားတော်များကို နာယူဆောက်တည်တော်မူကြပြီးနောက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုပြီးမြောက်ခဲ့သည်။
ထို့နောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြုလုပ်ရာ မြတ်စွာဘုရားအပါအဝင် သံဃာ့တော်၊ သာမဏေ၊ သီလရှင်စုစုပေါင်း (၁၀၀) ပါးအား ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် မြို့နေပြည်သူလူထုတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)