အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

အိမ်မဲ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီ အားကစားအခြေခံ သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ (၁) နာရီတွင်ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းပြိုင်ပွဲများ ၌ ထူးချွန်သော သင်တန်းသား/သူ များနှင့် သင်တန်းဆင်းလက်မှတ်များကို လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ မြို့နယ်စာတိုက်မှူး ဒေါ်အေးအေးမာ၊အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်အိအိမျိုးနှင့် တာဝန်ရှိသူများ က အသီးသီးပေးအပ်ချီးမြှင့် ခဲ့သည်။

နွေရာသီအားကစားအခြေခံသင်တန်းများကို မတ်လ ၆ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း များမှာ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ Myanmar Fitness Dance တို့ဖြစ်ကြပြီး သင်တန်းသူ၊ သင်တန်းသားစုစုပေါင်း (၁၁၀)ဦးရှိကြောင်း သိရသည်။

“အိမ်မဲမြို့နယ်မှာ ထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များ တွင်ကျောင်းသား၊ ကျောင်းသူများ အားကစားအတတ်ပညာများနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းကို မနက်ပိုင်းတွင်၉နာရီမှ၁၁နာရီ ထိတစ်ကြိမ်၊ညနေပိုင်းတွင် ၃နာရီခွဲမှ ၅ နာရီခွဲထိတစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ခွဲ၍သင်ကြားပေးကြောင်း” မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးပြောကြားချက်အရ သိရသည်။

ချစ်သက်လယ် (အိမ်မဲ)