ဇလွန်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

ဇလွန် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သင်ကြားသော နွေရာသီအခြေခံအားကစားနည်း (၇) မျိုး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားကစားနည်း အခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတက်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန်နှင့် ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်လာ စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုလိုနွေရာသီအားကစား သင်တန်းများသည် အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ မိမိဝါသနာပါရာ အားကစားနည်း တစ်ခုခုကို သေချာစွာ လေ့လာ လိုက်စားပြီး မြို့နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တဲ့ ကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ၊ နည်းပြများအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ဝေယံ -ဇလွန် (ပြန်/ဆက်)