နတ်မောက် မတ် ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်သည် လမ်းတံတားများ ကောင်းမွန်မှုကြောင့် ယာဉ်များဖြင့် ကုန်သည်ကူသန်းမှုများ လုပ်ဆောင်လျက်ရှိရာ မိမိမြို့နယ်အတွင်းမှ ယာဉ်များသာမက စစ်ကိုင်းတိုင်း ဒေသကြီးမှ မော်တော်ယာဉ်များပါ နတ်မောက်မြို့နယ်သို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်လျက်ရှိသည်။
ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းမြို့နယ်များမှ လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် မော်တော်ယာဉ်များသည် နတ်မောက်မြို့နယ်အတွင်း ကျေးလက်လမ်းပေါက်ရောက် သောကျေးရွာများအထိ လူသုံးကုန်ပစ္စည်းများကို လာရောက်ရောင်းချနေသည်ကို တွေ့ရသည်။ ရောင်းချသည့် လူသုံးကုန်ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ ခေါင်းအုံး၊ မွှေ့ယာအမျိုးမျိုး၊ ခြင်ထောင်နှင့် စောင်တဘက်အမျိုးမျိုး၊ ပိုက်ပုခက်များ၊ ဖက်တုံးများ၊ ပလပ်စတစ်ခြင်းများ၊ ပလပ်စတစ်ရေခွက်၊ ပလပ်စတစ်ရေထည့်ကန်ငယ်၊ ပလပ်စတစ်ရေပုံးစသည့် ပလပ်စတစ်နှင့်ကော်ဖြင့် ပြလုပ်ထားသော လူသုံးကုန်ပစ္စည်းများ ဘက်ထ္ထရီအိုးများ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ မြို့များရှိ ပင်ရင်းကုန်တိုက်၊ စတိုးဆိုင်ကြီးများသည် ဈေးကွက်စီးပွားရေးအရ မိမိတို့ကုန်ပစ္စည်းများ ရောင်းအားတက်လာရေး၊ သုံးစွဲသူများအမျိုးမှန် ဈေးနှုူန်းမှန်ဖြင့် လက်ဝယ်အရောက် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ရေးတို့ကို ဦးတည်၍ မကွေးတိုင်းဒေသကြီးဘက်ရှိ မြို့နယ်များသို့မော်တော်ယာဉ်များဖြင့် ကားလမ်းပေါက်သည့် ကျေးရွာများအထိ သွားရောက်ရောင်းချလျက်ရှိကြောင်း အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
မူမူစန်း