ချောက် မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှချောင်းတက်ကျေးရွာအုပ်စု၊ ရေတွင်းကျေးရွာအုပ်စုနှင့်ပြည့်ပင်ကျေးရွာအုပ်စုများ ရှိအိမ် ခြေ (၁၅၀)လုံးအား လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရေး အိမ်ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲ ခြင်းနှင့် ပြင်ဆင် မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် တစ်အိမ်လျှင် ငွေကျပ် ၄၅၀၀၀/နှုန်းဖြင့် ကျေးရွာအုပ်စုတစ်အုပ်စုလျှင် အိမ်ခြေ(၅၀)လုံးရွေးချယ်၍ ငွေကျပ် ၂၂၅၀၀၀၀/နှုန်းဖြင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ အိမ်ခြေ(၁၅၀)အတွက် စုစုပေါင်း ငွေကျပ် ၆၇၅၀၀၀၀/တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောမြဖောင်းနှင့် ဝန်ထမ်းများမှ မတ်လဆန်းမှစ၍ ကျေးရွာများသို့သွားရောက်ကာ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရာအိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ချောင်းတက်ကျေးရွာအုပ်စု၊ ရေတွင်းကျေးရွာအုပ်စုနှင့်ပြည့်ပင်ကျေးရွာအုပ်စုများရှိ အိမ်ခြေ (၁၅၀)လုံးအား လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများအား အဖွဲ့များနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၈၄၆ )လုံး၊အိမ်ထောင်စု(၇၈၂)စု၊ လူဦးရေ(၃၃၅၃)ဦး၊ ရေတွင်းကျေးရွာအုပ်စုတွင် အိမ်ခြေ(၆၀၀)လုံး၊ အိမ်ထောင်စု (၅၉၀)စု၊ လူဦးရေ(၃၆၀၀)ဦးနှင့် ပြည့်ပင်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၇၁၇)လုံး၊ အိမ်ထောင်စု(၇၁၇)စု၊ လူဦးရေ(၃၀၉၂)ဦးရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)