ချောင်းဦး မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ မနက် ၉ နာရီအချိန်က ချောင်းဦးမြို့နယ်အတွင်းရှိ သီးနှံမျိုးစုံ စိုက်ပျိုးနေသည့် တောင်သူများအား ဖိတ်ကြားပြီး သီးနှံများအထွက်နှုန်းတိုးရန် ရေနည်းကာလ ရေသိုလှောင်စုဆောင်းခြင်းနှင့် ရေချွေတာစိုက်နည်းစနစ်များအကြောင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးရာတွင် လိုအပ်သည့် စိုက်ပျိုးရေအား မိုးကောင်းသောက်၊ မြစ်ရေတင်၊ မြစ်ရေဝင်၊ မြေအောက်ရေ၊ ဆည်ရေ စသည့် ရေနည်းလမ်း(၅)မျိုးဖြင့် စိုက်ပျိုးနေကြကြောင်း၊ ရေကိုအကျိုးရှိစွာ အသုံးချ၍ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ရေနည်းကာလများတွင် အသုံးပြုနိုင်ရန် ရေသိုလှောင် စုဆောင်းတတ်စေရန်၊ ရေချွေတာ စိုက်နည်းစနစ်များ အသုံးပြု၍ သီးနှံများ အထွက်နှုန်းတိုးစေရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေကို အကျိုးရှိရှိ သုံးစွဲရေး၊ ရေသိုလှောင်စုဆောင်းနည်းများ၊ ရေချွေတာ စိုက်နည်းစနစ်များ အကြောင်းကို တက်ရောက်လာသည့် တောင်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်သည်များ၊ တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနဝင်းအတွင်း Drip Irrigation အစက်ချစနစ်ဖြင့် စိုက်ပျိုးထားသည့် နဂါးမောက်ပင်စိုက်ခင်း၊ ဥယျာဥ်ခြံသီးနှံ စိုက်ခင်းများကို လက်တွေ့ပြသခဲ့သည်။
ဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ ပေါက်အင်းစိုက်ကွင်း တာဝန်ခံ ဦးဝင်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)