ဒေးဒရဲ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စု၊ ကျုံဒူး(တောင်)ကျေးရွာရှိ တောင်သူ ဦးဇော်သန်းထိုက်၏ ကွင်းအမှတ်(၃၆၃)၊ ဦးပိုင်အမှတ်(၈/၂)၊ ဧရိယာ(၂)ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁) စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲသို့ ဖျာပုံခရိုင်စို က်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ကျုံဒူး (တောင်)ကျေးရွာ တောင်သူ ဦးဇော်သန်းထိုက်၏ လယ်မြေ(၂)ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက် ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင် နေကြာ (၂၁.၅)တင်းထွက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့သည် ကျေးရွာ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသတွင်း စိုက်ပျိုးရေးနှင့် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)