မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေးခဲ့ပြီး နေအိမ်များ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး

ညောင်တုန်း မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ် ရေတိုက်စားမှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ်း‌ခြေမှ အလျား ၂၀၀ပေ၊ အနံ ၂၅ပေခန့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်များ ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြစ်ကမ်းပါးပြိုကျမှုအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရတနာသိပ္ပံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြစ်ကမ်းပါး ကာကွယ်ရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်မည့် အ‌ခြေအနေများအား လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဒေသခံပြည်သူများအတွက် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ကျေးရွာနေ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေများအား ရင်းရင်းနှီးနှီး အားပေးပြောကြား၍ ကမ်းပြိုနေရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)