ဂွမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဂွ မတ် ၁

ခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေး သူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်များ အနေဖြင့် ၎င်းတို့ရရှိမည့် အခွင့်အရေးများ ရရှိစေရန်နှင့် အကြမ်းဖက်ခံရခြင်း၊ လစ်လျူရှုခံရခြင်း၊ လွဲမှားစွာပြုကျင့်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေး အတွက် ကလေးသူငယ်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ထပ်ဆင့်အသိပညာပေး ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်က မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပေါင်း ( ၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး  ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း ၊ ၂၀၀၁ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေကိုလည်းပြဌာန်းနိုင်ခဲ့သော်လည်း ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင်လိုအပ်ချက်များရှိနေသည့်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (The Child law )ကိုပြဌာန်းခဲ့ရာ အဆိုပါ  ဥပဒေ အရ ကလေးသူငယ်၏အသက်ကို (၁၈)နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး နိုင်ငံတော်မှ ကာကွယ်  စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်ဥပဒေ အမျိုးအစားကို ၁၆ မျိုးအထိတိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ် အခွင့်အရေးများကို  အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (NCRC)ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်/ခရိုင်/မြို့နယ်(CRC)ကော်မတီများကို ကလေးသူငယ်များ အကျိုးဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများနှင့် ဥပဒေအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

 ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်(CRC)ကော်မတီဝင်များနှင့် မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရွှေရည်ဝင်းကျော်