ကန်ကြီးထောင့်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် မြို့မစျေးသစ်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကန်ကြီးထောင့် မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့  အမှတ်(၁)ရပ်ကွက်ရှိ  မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်  မြို့မစျေးမြေနေရာတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စျေးသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်း အဝေးအား  ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က စျေးသစ်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အဆင့်ဆင့်အား ရှင်းလင်းခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးပိုင်က စျေးသစ်တည်ဆောက်မှု ပုံစံနှင့် အောက်ခြေကြမ်းခင်း ခင်းမည့်အခြေအနေများနှင့် တင်ဒါခေါ်ယူမည့်အစီအစဥ်များအား ရှင်းလင်းခဲ့ပြီး မြို့မစျေးကော်မတီဥက္ကဋ္ဌ ဦးစည်သူတိုးက စျေးသူစျေးသားများကိုယ်စား ဆိုင်ခန်းများ၏ တန်ဖိုးများပေးသွင်းမှု အခြေအနေ၊ တင်ဒါအောင်မြင်မည့်ကုမ္မဏီ၏ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက ကော်မတီအလိုက် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူ စျေးသူ၊ စျေးသားများက မရှင်းလင်းသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူအသီးသီးများက ပြန်လည်​ရှင်းလင်းခဲ့ကြသည်။

ကန်ကြီးထောင့်မြို့မစျေးကြီသည် ၂၀၂၁ ခုနှစ် ဇွန် လ ၁ ရက်နေ့ နံနက် ၂ နာရီ ၄၀ အချိန်ခန့်က မသမာသူများ၏ (ရှို့မီး)ကြောင့် ဆိုင်ခန်း ၁၉၃ ခန်းအနက် ၁၇၅ ခန်းမီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးဘေးသင့်ဆိုင်ခန်းများနှင့် ပျံကျ စျေးသည်များ  စျေးဆက်လက်ရောင်းနိုင်ရေးအတွက် စျေးအနီး ကမ်းနားလမ်း၊ စက်လှေဆိပ်မြေနေရာတို့တွင် (ယာယီ)စျေးအဖြစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)