ပုသိမ် မတ် ၁၄
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအာဏာ သက်၀င်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပုသိမ်မြို့၊ စက်မှုမြို့တော်စီမံကိန်းရုံး ဧရာဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် မူပိုင်ခွင့်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဠာန်းပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် (၂၀၂၃)ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် အာဏာသက်၀င်မည် ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့အနေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့်အခွင့်ရေးများကို ဥပဒေနှင့်အညီခံစားစေနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှထွက်ရှိသောဒေသထုတ်ကုန်များ၏ အရည်အသွေးများကို မြင့်တင်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်၀င်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘ၀ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ် မှတ်ပုံ တင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးသီရိဝေက အမှတ် တံဆိပ်လျှောက်လွှာများနှင့်ပတ်သက်၍လည်းကောင်း၊ AYA Bank နှင့် CB Bank တာ၀န်ရှိသူများက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခကြေးငွေပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်း၀န်ဆောင်မှုများနှင့် လုပ်ထုံးလုပ်နည်းများအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား တာ၀န်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်/ဆက်)