သံတွဲမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သံတွဲ မတ်   ၁၄

ရခိုင်ပြည်နယ်သံတွဲမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့န့နက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ဝင်းဝင်းမြင့် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထိုသို့ဟောပြောရာတွင် မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပေါင်း ( ၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး  ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေကိုလည်းပြဌာန်းနိုင်ခဲ့သော်လည်း ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေတွင် လိုအပ်ချက်များရှိနေသည့်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (The Child law )ကိုပြဌာန်းခဲ့ရာ အဆိုပါ  ဥပဒေ အရ ကလေးသူငယ်၏အသက်ကို (၁၈)နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး နိုင်ငံတော်မှ ကာကွယ်  စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်ဥပဒေ အမျိုးအစားကို ၁၆ မျိုးအထိတိုးမြှင့် သတ်မှတ်ခဲ့သည်။

ထို့အပြင် ခရိုင်/မြို့နယ်( CRC)ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း တွင်လည်း မြို့နယ်အဆင့် ကော်မတီကိုဖွဲ့စည်းပြီး ကလေးသူငယ်များ၏ အဓိကကျသော အသက် ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရှိရေး တို့ကို့ ဆောင်ရွက် ပေးလျက်ရှိကြောင်း  ဟောပြောဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ သံတွဲခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်¸ခရိုင်/မြို့နယ် (CRC) ကော်မတီများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)