နတ်မောက် မတ် ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားသည့် ကျေးရွာများတွင် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရန် လျာထားသည့်ကျေးရွာများမှ တောင်သူလယ်သမားများသည် နွေစပါးများကို စိတ်ဝင်စားစွာ ဂရုပြုစိုက်ပျိုးနေကြပြီး အထွက်ကောင်း စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိသည်။
နတ်မောက်မြို့နယ် န/လက်ခုပ်ပင် ကျေးရွာအုပ်စု၊ ကြူအိုင်ကျေးရွာမှ တောင်သူလယ်သမားများသည် နတ်မောက်-ပျော်ဘွယ်မီးရထားလမ်း၏ ဝဲယာများရှိ လယ်များတွင် ၎င်းမြို့မရပ်ကွက်မှ တောင်သူများ၏ လယ်မြေများတွင်၎င်း၊ နွေစပါးများစတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊ မတ်လကုန်တွင် ထွန်တုံးပိတ်မည် ဖြစ်ကြောင်း ကြူအိုင်ရွာမှ အကျိုးဆောင်တောင်သူတစ်ဦးက ပြောသည်။ နတ်မောက်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရန်အတွက် ကျောက်တံခါး ရေလှောင်တမံဆည်ရေသောက် ဧရိယာတွင် နွေစပါးဧက(၆၀၀)၊ နတ်မောက် ရေလှောင်တမံဆည်ရေသောက် ဧရိယာတွင် နွေစပါးဧက(၃၀၀)၊ ဆည်ငယ်/ကန်ငယ် (၂၃၆)ဧက စုစုပေါင်း (၁၁၃၆)ဧက စိုက်ပျိုးရန်လျာထားပြီး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
မူမူစန်း