ပုသိမ် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၏ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက် ရာသီ သီးနှံအဖြစ် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိနေပြီး ယခုလပိုင်းဆိုလျှင် သီဟိုဠ် လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊ သီဟိုဠ်ရာသီမှာ မိုးမရွာမီအချိန်အထိ ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်၍ မေလနှင့် ဇွန်လတို့တွင် မိုးရွာသွန်းပါကသီဟိုဠ်စေ့မှာ မိုးမိလျှင်ရေဝင်ပြီး အသီးမှာ မဲသွားသဖြင့် ဈေးကွက် တွင် အရောင်းအဝယ်မဖြစ်တော့ပဲ သီဟိုဠ်ရာသီပြီးဆုံးပြီဖြစ် ကြောင်း သီဟိုဠ်စေ့ အဝယ်ဒိုင်မှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ဧက ပေါင်း(၆၅၀၀၀)ခန့်ရှိပြီး မြောင်းမြ၊ ဟင်္သာတနှင့် လပွတ္တာ ခရိုင်များအပြင် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်မြို့နယ်၊ သာပေါင်း၊ ငပုတောနှင့် ပင်လယ်ကမ်းခြေဒေသများဖြစ် သော ငွေဆောင်၊ ချောင်းသာဒေသများတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်စေ့ ကုန်ကြမ်းဝယ်ယူသည့်ဒိုင်များမှ ရန်ကုန်သို့တင်ပို့၍ ရန်ကုန်မှ တစ်ဆင့် ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အဝယ်ဒိုင်များမှ သိရသည်။ ယခင်နှစ်များက သီဟိုဠ်စေ့ ပေါ်ချိန်တွင် တစ်ပိဿာလျှင် သုံးထောင်ကျော်သာ ဈေးရှိသော်လည်း ယခုနှစ်တွင် သီဟိုဠ်စေ့တစ်ပိဿာလျှင် ငါးထောင် ကျော်အရောင်းအဝယ်ဖြစ်နေ၍ တောင်သူများ ယခင်နှစ်များထက် ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိ ကြောင်း၊ အချို့မြို့နယ်များတွင် သီဟိုဠ်စေ့ အရည်အသွေးကွာခြားမှုပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများလည်းရှိ နိုင်ကြောင်း မြို့ပေါ်ရှိသီဟိုဠ်စေ့ အဝယ်ဒိုင်များမှ သိရသည်။
မြင့်ဟန်