ကျောက်ဖြူမြို့တွင် ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ကျောက်ဖြူ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဆိုင်ရာအကြုံပြုချက်အပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေးအစီအစဉ်အရ ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(အဖွဲ့ဝင်) ဦးတင်ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ကျောက်ဖြူခရိုင်အတွင်း ယခုလို ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းအကျိုးကျေးဇူးများကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိလာနိုင်မည့် နည်းလမ်းများအားသိရှိလာပြီး “ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ လိုက်လျောညီထွေနေထိုင်ရေးနှင့် လျော့ချရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေပြီး အနာဂတ်တွင် ကျန်းမာသန်စွမ်းသော လူ့အသိုင်းအဝန်းအဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလွမ်းမိုးထက်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအား ဆက်လက်ပို့ချခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်သန်းဦး၊ ဦးစီးအရာရှိ ဒေါ်ထက်သစ္စာအောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မျိုးမျိုးအေးတို့က “ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် ပို့ချပေးသွားမည်ရာ အဆိုပါရက်တိုသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၁)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း