အုတ်တွင်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် သမဝါယမအသင်းသားများအား လောင်စာသုံးမီးဖိုများထောက်ပံ့ပေးအပ်

အုတ်တွင်း ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့တို့မှ ဦးဆောင်၍ လျှပ်စစ်မီးမရရှိသေးသည့် အင်ဒိုင်း-စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများအား ယ‌မန်နေ့က ECOEYE မီးဖိုများ ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းဦး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့တို့မှ EXIM Bank ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလအတွင်း အပြေအကြေပေးဆပ်ဆောင်ရွက်နိုင်ပြီး လျှပ်စစ်မီးမရရှိသေးသည့် အင်ဒိုင်း-စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား ၁၀၂ဦးအား လောင်စာသုံးစွဲမှုသက်သာစေရန်၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် သုံးစွဲသူများ ကျန်းမာရေးထိခိုက်မှုနည်းပါးစေရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံထုတ် ECOEYE မီးဖိုများကို တစ်ဦးချင်းထောက်ပံ့ပေးခဲ့သည်။

အဆိုပါ လောင်စာသုံးမီးဖို၏ အားသာချက်မှာ ကမ္ဘာကြီးပူနွေးခြင်းကို လျှော့ချခြင်း၊ အိမ်ရှင်မများ မီးခိုးရှူရှိုက်ရမှုကို လျော့နည်းသက်သာစေခြင်း၊ သစ်တောပြုန်းတီးမှုကိုလျှော့ချခြင်း၊ မီးလောင်မှုအန္တရာယ်မှကင်းဝေးခြင်းနှင့် (၅) နှစ်အာမခံသက်တမ်းပါရှိပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ လောင်စာသုံးစွဲရမှု သက်သာစေကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ ဆက်)