ငဖဲ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့် စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင် အခမဲ့ဖြန့်ဝေ လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပန်းထိမ်းကျေးရွာအုပ်စု ပန်းထိမ်းကျေးရွာနှင့် စစ်တောကျေးရွာများတွင် စွမ်းအားမြှင့် CCC မီးဖို ၂၁၁ လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသိန်းက ကျေးရွာပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သဘာဝတောများ ထိခိုက်ပျက်စီမှုလျော့နည်း သက်သာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စွမ်းအားမြှင့် CCC မီးဖိုများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ CCC မီးဖိုသုံးစွဲခြင်းအားဖြင့် အချိန်ကုန်သက်သာ၍ ချက်ပြုတ် ရာတွင်မြန်ဆန်ပြီး မီးခိုးအထွက်နည်းခြင်း၊ မီးဘေးအန္တရာယ်စိတ်ချရခြင်း၊ ငွေကုန်သက်သာခြင်း၊ ထင်းလောင်စာကုန်ကျမှုသက်သာခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားပြီး စွမ်းအားမြှင့် မီးဖိုသုံးစွဲမှုလမ်းညွှန် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးသည်။
ထို့နောက် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများက ကိုရီးယားသမ္မတနိုင်ငံ၏အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေးစီမံကိန်းများအရ ပန်းထိမ်းကျေးရွာရှိ အိမ်ထောင်စု (၁၀၅)စုအတွက် မီးဖို (၁၀၅)လုံးနှင့် စစ်တောကျေးရွာရှိ အိမ်ထောင်စု (၁၀၆)စုအတွက် မီးဖို (၁၀၆)လုံး စုစုပေါင်း (၂၁၁)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဖြန့်ဝေပေးအပ်ရန်ကျန်ရှိသည့် ကျေးရွာများကို ဆက်လက်၍ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)