ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက အောင်ပင်သာကျေးရွာအုပ်စုမှ တောင်သူများ၏တောင်းဆိုမှုကြောင့် နွေစပါးစိုက်ပျိုးဧက ၇၀၅ ဧကတိုးလာကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် တောင်သူများ၏ လိုအပ်ချက်များကို အားထည့်ကူညီပေးစေလိုကြောင်း မွေးမြူရေးကဏ္ဍအတွက် လိုအပ်ချက်များကိုလည်းစိစစ်ပြီး ပြုပြင်ဆောင်ရွက်ကြစေလိုကြောင်း တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန်အမှီပြီးအောင် ကြီးကြပ်ဆောင်ရွက်သွားဖို့လိုကြောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအား သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ယနေ့အစည်းအဝေးတွင် စိုက်ပျိုးသီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းအသားထုတ်လုပ်မှုတိုးတက်လာစေရေး မဟာသင်္ကြန်ပွဲတော်အတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အဓိကထားဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)