ပုသိမ် ဖေဖော်ဝါရီ ၂၂
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ ရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပုသိမ်မြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ပညာရေးမှူးက အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါ ကြောင်း၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့် ပတ်သက်၍လည်း လက်တွေ့သရုပ်ပြ ဆွေးနွေး ပို့ချပေးခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ အားနည်းချက် အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား၊ ကျောင်းသူ များ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမိုအားဖြည့် ဆောင်ရွက်ပေး ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ မလျော့သော ဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစားကြ စေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြရန်၊ ရိုးရိုးသားသား ကြိုးကြိုး စားစား ဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့် ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးစားကြရန်လိုပါကြောင်း" အားပေးစကားများ ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြ မည့် ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူး ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)