ဖြူး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ အသေးစား MSME လုပ်ငန်းများအား အဆင့်မြှင့်တင်ထုတ်လုပ်သွားနိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ရာ MSME လုပ်ငန်းတစ်ခုဖြစ်သည့် ဖြူးမြို့နယ်၊ ဂေါ်ဖီခြံရပ်ကွက်၊ လမ်း(၃၀)အတွင်းရှိ မြေပဲယိုလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းလေ့လာ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် မြေပဲယိုလုပ်ငန်းလုပ်ကိုင်သူ(၃)ဦးရှိကာ ဂေါ်ဖီခြံရပ်ကွက်၊ လမ်း(၃၀)ရှိ မြေပဲယိုလုပ်ငန်းတွင် သကြားမြေပဲယို၊ ထန်းလျက်မြေပဲယို၊ နှမ်းမြေပဲယိုနှင့် ကပ်စေးသွားရည်စာများပါလုပ်ကြောင်းနှင့် မြေပဲယိုလုပ်ကိုင်ရာတွင် တစ်နှစ်ပတ်လုံးဆောင်ရွက်ပြီး တစ်ပတ်လျှင် ရောင်းချနိုင်မှုပေါ်မူတည်ပြုလုပ်၍ ရင်းနှီးကုန်ကျမှုမှာ လုပ်ငန်းအတွက် လုပ်သားတစ်ဦးလျှင် လုပ်အားခ(၈၀၀၀)ကျပ်ရှိကာ မြေပဲယို(၁)ဒယ်လျှင် (၂၀၀၀၀)ကျပ်ကုန်ကျသည်ဟု သိရသည်။ ထုပ်ပိုးမှုအနေဖြင့် အချပ်သေးများထုပ်ထားသည့် ပါကင်ထုပ်(၇)ထုပ်ကို (၂၃၄၅၀)ကျပ် ပြန်ရောင်းရကြောင်းနှင့် စျေးကွက်အရ လက်လီလက်ကားဖြင့် ဖြူးမြို့နယ်အတွင်းဖြန့်ဝေခြင်း၊ အနယ်နယ်အရပ်ရပ်သို့ ဖောက်သည်ပေးခြင်းများရှိကြောင်း သိရသည်။
မြေပဲယိုပြုလုပ်ပုံအဆင့်ဆင့်မှာ အကြမ်းဖျင်းအားဖြင့် မြေပဲဆန်များအား အဆန်ကောင်းရွေးချယ်၍ လှော်ရကြောင်း၊ သကြားအကြိုကျ၍ ကြွက်မြီးတန်းအစေးဖြစ်လျှင် လှော်ပြီးသားမြေပဲအားထည့်၍ လေးထောင့်ပုံစံခွက်တွင်ဖြန့်ခင်း ညှိကာ ပုံစံအတိုင်းလှီးဖြတ် ထုပ်ပိုးမှု လုပ်ရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
အဆိုပါလုပ်ငန်းများ အမည်ရရှိနေသော်လည်း ထုပ်ပိုးမှုနှင့် ပိုမိုစျေးကွက်ဝင်ဖြန့်ဖြူးနိုင်ရေး တိုးချဲ့လုပ်ကိုင်နိုင်ရေးလိုအပ်သည့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ကွင်းဆင်းလေ့လာ စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)