ပခုက္ကူ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိသုံးစွဲစေရန်၊ ရေရရှိရေးလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရေပေးဝေရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချသည်။
သင်တန်းတွင် ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်နိုင်လင်းက “ရေရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးသည့် ကျေးရွာရှိပြည်သူများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေးရရှိသုံးစွဲနိုင်ရေးနှင့် ရေရရှိရေး လုပ်ငန်းရေရှည်တည်တံ့အသုံးပြုနိုင်ရေးတို့အတွက် စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေ ရရှိရေးကော်မတီဝင်များအား စက်ရေတွင်းပြုပြင်ထိန်းသိမ်းရေးနည်းများ၊ ရေစင်ပြုပြင်ထိန်းသိမ်းရေးနည်းများ၊ ရေပိုက်သွယ်ဆက်နှင့် ရေပိုက်လိုင်းသွယ်တန်းရေးနည်းများ၊ လက်တွေ့ဆောင်ရွက်ရာတွင်ကြုံတွေ့နိုင်သည့် အခက်အခဲပြဿနာများအကြောင်းတို့ကို စနစ်တကျသင်ကြားပို့ချပေးရာ ကျေးရွာရေရှိရေးကော်မတီဝင် ၂၁ ဦး တက်ရောက်ကြသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၂ ဒသမ ၆၅၃သန်းဖြင့် ကန်တော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် အနောက်နံဂါတ်ကျေးရွာတို့၌ စက်ရေတွင်းတူးဖော်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ပါဝါမီတာထားရန်အခန်းဖွဲ့ခြင်းလုပ်ငန်းများကို ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)