ကန့်ဘလူမြို့နယ်၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး

ကန့်ဘလူ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန် အတွက် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲမှစတင်၍ မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များ၏ အမည်၊ မိဘအမည်နှင့် အသက်၊ နေရပ် တို့ကို မှတ်တမ်းရေးသွင်းပြီး အသက်အပိုင်းအခြားအလိုက် ကလေးငယ်များကို ဗီတာမင်အေ၊ သံချဆေးများကို တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုလုပ်ငန်းများ၊ သက်ကြီး ရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကိုလည်း လစဥ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)